ဦးမောင်မောင်ချင်း
ကွယ်လွန်သူ့ ဘဝခရီး
ဦးမောင်မောင်ချင်း အသက် (၈၉နှစ်)
ဦးမောင်မောင်ချင်း (ခ) ကောင်းချင်းလျောင် (江清亮) အသက် (၈၉နှစ်) သည် ၂၀၂၄ ခုနှစ်၊စက်တင်ဘာ ၁၄ ရက်နေ့ စနေနေ့တွင် နာတာရှည် ရင်ကြပ်အဆုတ်ရောဂါဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားပါသည်။
ဦးမောင်မောင်ချင်းသည် တရုတ်နိုင်ငံ ဖူကျန့် ပြည်နယ် ယုံဒင့်ခရိုင် ကောင်းထိုရွာတွင် ၁၉၃၅ခု၊ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် အဖ ကောင်းချင်းလုံ အမိ စူးကွေ့လျန် တို့မှ ဖွားမြင်ပါသည်။ ၁၉၄၇ခုနှစ် အသက် ၁၃နှစ်အရွယ် ကောင်းချင်းလျောင်သည် မြန်မာပြည်သို့ ရေလမ်းခရီးဖြင့် မိဘနှစ်ပါးထံမှ ခွဲခွါရျ် အနာဂါတ် အတွက် စွန့်စားခန်းထွက်ခဲ့ပါသည်။
ကျေးဇူးရှင် ဦးလေးဖြစ် သူ ဦးစံ နှင့် ဒေါ်မြ တို့၏ မွေးစားအုပ်ထိန်းမှုအောက်တွင် မိသားစု သကြားလုံး လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်လျက် ဘဝတက္ကသိုလ် တွင် အလုပ်လည်းသင်၊ ဗမာဘာသာစကားကိုလည်း သတင်းစာများမှ တဆင့် ကိုယ့်အားကိုယ်ကိုးကာ သင်ယူခဲ့ပါသည်။ မိသားစု သကြားလုံး လုပ်ငန်းသည်လည်း နိုင်ငံကျော် စံကီး သကြားလုံး အဖြစ်သို့ တိုးတက်ကြီးပွါးလာခဲ့ပါသည်။ သကြားလုံးလုပ်ငန်းကို ထိုအချိန်အခါက ခေတ်မှီစက်ဖြင့် ရှေ့ပြေးထုတ်လုပ်နိုင်ခဲ့သည်သာမက ခေါက်ဆွဲခြောက်လုပ်ငန်းကိုလည်း တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပါသည်။
၁၉၇၁ ခုနှစ်တွင် စံကီး သကြားလုံးစက်ရုံ ၊ ခေါက်ဆွဲခြောက် စက်ရုံ နှင့် လုပ်ငန်းများ သည် ကံကြမ္မာ အလှည့်အပြောင်း ကြောင့် ပြည့်သူပိုင် အသိမ်းခံခဲ့ရပါသည်။ အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်ဖြင့် ကိုမောင်မောင်ချင်းသည် သကြားလုံး လုပ်ငန်းကို ကိုယ်တိုင်ဦးစီးကာ သုညမှတစ်ဖန် ပြန်လည်စတင်ခဲ့ပါသည်။ မလျှော့သောဇွဲလုံ့လနှင့် တီထွင်ကြံစမှုများဖြင့် ကောင်းဂွမ် သကြားလုံးလုပ်ငန်းသစ်သည်လည်း ရွှေငါး သကြားလုံးများဖြင့် ရေပန်းစား လူသိများခဲ့ပါသည်။
ဦးမောင်မောင်ချင်းသည် ဘဝတစ်လျှောက်တွင် မိမိဘဝအတွက်သာမက ရပ်ရေးရွာရေး၊ပညာရေး၊ အားကစား ကဏ္ဍ များနှင့် လူမှုပရဟိတ လုပ်ငန်းများကိုလည်း တတပ်တအား လူအင်အား ငွေအင်အားများသာမက စိတ်စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါသည်။
ဦးချင်းသည် မြန်မာပြည်ရောက် တရုတ်အမျိုးသားများ၏ အရေးကိုလည်း အထူးတလည်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၀ နှစ်ဦးပိုင်းတွင် ကောင်းအမျိုးသား လူငယ်အသင်းကို ဝိုင်းဝန်းတည်ထောင်ခဲ့ပြီး ၁၉၉၀ နှစ်ဦးပိုင်းမှစရျ် ဥက္ကဌ အဖြစ် လည်းကောင်း၊
၁၉၆၀ မှ ၁၉၉၅ ခုနှစ်အထိ တရုတ်အမျိုးသားကယ်ဆယ်ရေး အသင်း၏ ဘဏ္ဏာရေးမှူးအဖြစ်လည်းကောင်း၊
၁၉၉၀ နှစ်ဦးပိုင်းမှစရျ် တရုတ်ကုန်သည်ကြီးများ အသင်း၏ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်သည့် အချိန်မှစရျ် တရုတ်ကုန်သည်ကြီးများ အသင်း၏ ရာသက်ပန် နာယက အဖြစ် ဂုဏ်ပြုခြင်း ခံခဲ့ရပါသည်။
ကောင်းချင်းလျောင်သည် မိမိ၏ မွေးရပ်ဇာတိတွင် Tulou ဟု ကမ္ဘာကျော်ကြားသော အိမ်ဝိုင်းကြီးကို မိသားစု ၂၈စု အတွက် မိမိမွေးဖခင်၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းသည့်အနေဖြင့် လှူဒါန်းတည်ဆောက်ပေးခဲ့ပါသည်။ ထို့အပြင် စာသင်ကျောင်း တစ်ကျောင်း နှင့် ဆေးရုံ တစ်ရုံ အတွက် ပြည်ပရောက်ဆွေမျိုးများနှင့် ဝိုင်းဝန်းလှူဒါန်းခဲ့ပါသေးသည်။
ကိုမောင်မောင်ချင်း သည် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် နှစ်ဖက်မိဘ များ၏ သဘောတူ စီစဉ်ပေးမှုဖြင့် မရှုလျန် (ခ) မမြရင် နှင့် ဖူးစာဆုံ လက်ထပ်ထိမ်းမြားခဲ့ပြီး အသက်ထက်ဆုံးထိ ၆၇နှစ်တိုင်တိုင် ပေါင်းသင်းခဲ့ပါသည်။ ဦးမောင်မောင်ချင်း နှင့် ဒေါ်မြရင်တို့မှ မစန်စန်းရှိန်(Lorna)၊ မောင်စိုးငြိမ်း(Victor)၊ မောင်စိုးသိန်း(Steven)၊ မောင်စိုးနီ(Nicholas)၊ မောင်စိုးလွင်(Xiao Pang) သားသမီး ၅ဦး ထွန်းကားခဲ့ပါသည်။
ဖခင်၏ ခြေရာကို လိုက်လျက် သားသမီးတို့ကလည်း နောင်မျိုးဆက် အတွက် အချုပ်အနှောင်ကင်းရျ် တိုးတက်သောအနာဂါတ် ကိုရှေးရှုကာ အမေရိကန်ပြည်ထောင်စု နှင့်ဩစတြေးလျနိုင်ငံ တို့တွင် အသီးသီး ရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့ကြပါသည်။ ဦးချင်း၏ မိသားစုသည် မြေး ၁၀ယောက် မြစ် ၁ယောက် ထွန်းကားခဲ့ပါသည်။
ဦးမောင်မောင်ချင်းသည် ခင်ပွန်းကောင်း ဖခင်ကောင်း မြေးမြစ်များ၏ တွယ်တာရာ အဖိုးကောင်းတစ်ယောက် ဖြစ်ရုံသာမက သူ၏ အပြုံး၊ စိတ်နှလုံး နှင့် စေတနာ သဒ္ဒါတရားတို့ကြောင့် လူချစ်လူခင် ပေါများခဲ့သည့်အပြင် သူ၏ ကိုယ်ရောစိတ်ပါ ဦးဆောင်မှု နှင့်
လှူဒါန်း မှုများကြောင့် မိတ်ဆွေသင်္ဂဟများ နှင့် လူမှု အဖွဲ့ အစည်းများ၏ ယုံကြည်အားကိုး လေးစားမှုကိုလည်း ရရှိခဲ့ပါသည်။
ဦးချင်းသည် သူ၏ အချစ်ဆုံးသားထွေး ကွယ်လွန်သူ မောင်စိုးလွင်နှင့် အေးချမ်းသောဘုံဘဝတွင် ပြန်လည် ဆုံဆည်းခွင့် ရရှိနိုင်မည်ဟု ကျန်ရစ်သူ မိသားစုများက ဆုတောင်းယုံကြည်လျက်…
ဇနီး ဒေါ်မြရင်
သမီး ဒေါက်တာ စန်းစန်းရှိန် + ဒေါက်တာ ရောဘတ်သိန်း။
သား ဦီးစိုးငြိမ်း၊ ဦးစိုးသိန်း + ဒေါ်ညိုညိုအေး၊ ဒေါက်တာ စိုးနီ + ဒေါက်တာ ခင်ဥမ္မာ။
မြေး ဒေါက်တာ သဇင်နွယ် + ဒေါက်တာ အမ္မရစ် ၊ ကိုကယ်ဗင် ၊ ကိုအန္ဒရူး ၊ ဒေါက်တာ မင်းထက်ဦး ၊
ကိုမိုက်ကယ် + မအယ်ဒီ ၊ မသဇင်ဝေ + ကိုအန္ဒီ ၊ ကိုမင်းဝင့်လွင် ၊ မကေသီ ၊
ကိုနေသန် + မဆုဘရဏီ ၊ မစန္ဒြာ ။
မြစ် မောင်ခိုင်ယန်း။
ကွယ်လွန်သူ ကျန်းချင်းလျန့်အတွက် ရောင်းရင်းမိတ်ဆွေ
ဉီးကျင်အောင်(စူးကျင်းအန်း)၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ
မစ္စတာ ကျန်းချင်းလျန့် (ခ)ချင်းလျောင်ကောင်း(ခ)ဉီးမောင်မောင်ချင်းရဲ့ ဝမ်းနည်းစရာသတင်းကို ကြားလိုက်တဲ့တခဏဟာ ကျွန်တော့ ရင်ဘတ်ကြီးတခုလုံး ဝမ်းနည်းစရာတွေနဲ့ ပြည့်သွားတော့တာပါပဲ။
လွန်ခဲ့တဲ့ ၂လလောက်က ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ လော့စ်အိန်ဂျလိစ်ကိုရောက်တုန်း ဦးချင်းဆီကို သွားရောက်နှုတ်ဆက်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ သူဟာ ဘီးတပ်ကုလားထိုင်နဲ့ ထိုင်နေရပြီး အောက်ဆီဂျင်ပိုက်နဲ့ အသက်ရှုနေရပေမယ့် သူ့စိတ်က ကြည်လင်ထက်မြက်နေဆဲဖြစ်သလို သူ့အသွင်အပြင်ကလည်း လူကောင်းပကတိတဦးလိုပါပဲ။ အရင်ကလောက် စကားသိပ်မပြောတော့တာတောင် အရင်ကလိုပဲ လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ ကြိုဆိုခဲ့ပါတယ်။
မနှစ်က မြန်မာအသင်းက ကြီးမှူးကျင်းပခဲ့တဲ့ မြန်မာသင်္ကြန်ပွဲကို တက်ရောက်ဖို့ လော့စ်အိန်ဂျလိစ်ကို ကျွန်တော်တို့ ၆ဦးအဖွဲ့ လာရောက်ခဲ့စဥ်က ဦးချင်းတို့ ဇနီးမောင်နှံနဲ့ သူတို့သမီးက စားသောက်ဆိုင်တဆိုင်မှာ မနက်စာနဲ့ အထူးတလည် ဧည့်ခံပေးခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။
ဦးချင်းဟာ ငယ်စဉ်ထဲက ရင်ကြပ်ရောဂါရှိခဲ့ပြီး သူ့ရဲ့ အဆုတ်ကျန်းမာရေးကလည်း ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နောက်တော့ ဆီးချိုရောဂါနဲ့ကျောနာရောဂါ တို့ပါ ဖိစီးလာပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့အခါ ဇရာထောင်းနေတဲ့ ခန္ဓာကိုယ်ကို ဗျာဓိတရားက ထပ်မံနှိပ်စက်တာကနေ လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကျွန်တော့ယောက္ခမဆီက ကြားခဲ့ရတာက ဦးချင်းဟာ ခပ်ငယ်ငယ်ကတဲက ကျွန်တော့ရဲ့ ဝမ်းကွဲ၂ဦးနဲ့အတူတရုတ်ပြည်ကနေ မြန်မာပြည်ကို စွန့်စားလာခဲ့ပါတယ်။ မြန်မာပြည်ရောက်တော့ ဦးချင်းကို သူ့ဦးလေးတဦးက မွေးစားလိုက်တာကနေ အဓိပ္ပါယ်ပြည့်ဝပြီး အားကျအတုယူစရာ ဘဝတခု အစပျိုးခဲ့တာပါပဲ။
ကျွန်တော်တို့နဲ့ကတော့ ဦးချင်း မစ္စလူရှုလျန် (卢秀莲ဒေါ်မြရင်)နဲ့ အိမ်ထောင်ကျပြီး သမီးဦး ကျန်းပိယင်း (江碧英 စန်းစန်းရှိန်) နဲ့ သား ၄ဦးမွေးပြီးမှ သိခဲ့တာပါ။ ဦးချင်းရဲ့ သားတွေအားလုံးမှာ “ချင်း”钦 ကို သူတို့မျိုးဆက်နောက်တဝါအမည်အဖြစ် ထားရှိပြီး အဲဒီနောက်က တရုတ်ဒဿနိက ကျင့်ဝတ် ၄ဖြာဖြစ်တဲ့ ရွမ် 元 (ရှေ့ဆောင်) ချင်းရွမ်( (江钦元 စိုးငြိမ်း)၊ ဟန်း 亨(ဓန) ချင်းဟန်း(江钦亨 စိုးသိန်း)၊ လိ 利 (အောင်ခြင်း) ချင်းလိ (江钦利 စိုးနီ)၊ ဇန်း 贞 (သစ္စာ) ချင်းဇန်း (江钦贞 စိုးလွင်) လို့ မှည့်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ သူတို့လေးတွေရဲ့ တရုတ်စာဆရာဖြစ်လာတာပေါ့။ နောင် နှစ်ပေါင်းအတော်ကြာတဲ့အခါ ချင်းဟန်းက အရွယ်ရောက်လာပြီး ကိုယ်ပိုင်မိသားစုလေး ရှိလာတဲ့အခါ သူ့ကလေးတွေကိုပါ ကျွန်တော့အိမ်ကို ခေါ်လာပြီး တရုတ်စာ မန်ဒရင်း သင်စေခဲ့ပါတယ်။ ဦးချင်းတို့ မျိုးဆက် ၃ခုလုံးနဲ့ ထိတွေ့ဆက်ဆံရတာ နှစ်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ရင်းနှီးခင်မင်မှုကလည်း ကနေ့အထိ ပိုမိုနီးကပ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကစပြီး လော့စ်အိန်ဂျလိစ်ကို ကျွန်တော်လာလည်တိုင်း သူတို့အိမ်မှာပဲ တည်းခဲ့သလို တည်းတဲ့အခါတိုင်းလည်း ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။ အဲဒီလောက်အထိ ကျွန်တော်တို့က ခင်မင်ခဲ့ကြတာပါ။
ဦးချင်းက မြန်မာနိုင်ငံတဝှမ်း လူသိများတဲ့ စံကီးသကြားလုံးစက်ရုံကို ဦးစီးခဲ့ပြီး သူ့ရဲ့ ဖိဖိစီးစီး ကြိုးစားလုပ်ကိုင်မှုကြောင့် အဲဒီကာလက အချမ်းသာဆုံးလူတွေထဲက တဦးဖြစ်လာခဲ့ပါတယ်။ ကြွယ်ဝချမ်းသာမှုက လူ့ဘောင်ကို အကျိုးဖြစ်စေရမယ်ဆိုတဲ့ ယုံကြည်ချက်အတိုင်း ဦးချင်းဟာ သူ့ရဲ့ အချိန်တွေ၊ ခွန်အားတွေ၊ ဓနနဲ့ စွမ်းရည်တွေကို နေရာပေါင်းများစွာ အကြောင်းပေါင်းများစွာထံ ဝေမျှပေးခဲ့ပါတယ်။ သူ့ကို လူတွေက လက်တွေ့ကျတဲ့လူတဦးအဖြစ် သိထားကြပြီး သူ့ရဲ့ ဖြောင့်မတ်တဲ့ ဂုဏ်ပုဒ်တွေကြောင့် မြန်မာ တရုတ်ကုန်သည်ကြီးများအသင်း၊ ရန်ကုန်တရုတ်လူငယ်များအားကစားအသင်း၊ ကျန်း (江) မျိုးနွယ်စုလူငယ်များအသင်း၊ ယုံကျင်းလူမှုအဖွဲ့တို့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သလို ယုံတင့်လူမှုအဖွဲ့ကြီးမှာ ဒုဥက္ကဋ္ဌ စသဖြင့် အဖွဲ့အစည်းပေါင်းများစွာမှာ ပါဝင် ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့အတွက် သူက ကျွန်တော်တို့ထဲမှာတော့ အတော်ဆုံးလူပါပဲ။
ဦးချင်းဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေတကျ ဖြစ်လာပြီးသည့်တိုင် လက်ရှိရန်ကုန်က တရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ လင်ဝန်းမင်နဲ့ ဒုဥက္ကဋ္ဌ ယန်းရှန်းဖူ တို့က ရာသက်ပန်နာယကကြီး ဦးချင်းအကြောင်း မကြာမကြာ တွေးမိ ပြောမိနေသလို ကျွန်တော့ဆီကတဆင့် ဦးချင်းကျန်းမာပါစေကြောင်း ဆုမွန်များ လှမ်းခြွေလေ့ရှိပါတယ်။ လမုန့်ပွဲတော်ချိန်ရောက်တိုင်းလည်း ရန်ကုန်ကနေ လမုန့်ဝယ်ပြီး ဒီကို ရောက်အောင်ပို့ကြပါသေးတယ်။ ကျွန်တော်တို့လည်း အဲ့ဒီနှစ်စဉ်တိုင်း လမုန့်ပွဲတော်နီးလာတော့ လမုန့်တွေရောက်လာမှာကို စောင့်စားနေစဥ်မှာပဲ ဦးချင်းဆုံးသွားပြီဆိုတဲ့ သတင်းဆိုးက ဝင်လာတော့တာပါ။ သေကွဲကွဲရပြီဆိုတော့ ပြန်ဆုံဖို့က ဒီဘဝ မဖြစ်နိုင်တော့ပါဘူး။
ဦးချင်းရဲ့ ချစ်ဇနီး မစ္စလူရှုလျန် (မစ္စစ် ရှုလျန်ကောင်း)ကလည်းပဲ ခေတဲ့အမျိုးသမီးတော့ မဟုတ်ပါဘူး။ သူ့အမျိုးသားနဲ့ ကလေးတွေကို စောင့်ရှောက်ရင်းနဲ့ တဖက်မှာလည်း လူမှုရေးအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်တရုတ်အမျိုးသမီးများအသင်းမှာ ဥက္ကဋ္ဌ လုပ်ခဲ့သလို ဟွာကျုံးကျောင်းသားဟောင်းများအသင်းမှာ ဒုဥက္ကဋ္ဌ လုပ်ခဲ့သူဖြစ်ပါတယ်။ ၁၉၆၀ပြည့်နှစ်တွေမှာ တရုတ်-ဗမာအရေးအခင်း ဖြစ်လာခဲ့ပြီးနောက် ပြည်ပရောက် တရုတ်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တရုတ်လူမျိုးတွေဟာ ရက်ရက်စက်စက် တရားစွဲ ထောင်ချတာတွေ ခံခဲ့ရပါတယ်။ မြန်မာပြည်က တရုတ်လူထုကြီးတခုလုံး အကြောက်တရားနဲ့ နေ့စဥ် နဘမ်းလုံးနေခဲ့ရချိန်မှာ ဦးချင်းတို့ဇနီးမောင်နှံကပဲ စိတ်ဆင်းရဲဒုက္ခရောက်နေကြတဲ့ ဆရာတွေနဲ့ ဘဝတူတရုတ်လူမျိုးတွေကို သတ္တိရှိရှိနဲ့ ထွက်ကူညီခဲ့ကြတာပါ။ သစ္စာရှိတဲ့ သူတို့ဇနီးမောင်နှံက အားလုံးအတွက် စံပြပါပဲ။
ခုလို ဦးချင်းကွယ်လွန်သွားပြီဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းနည်းရပါတယ်။ သူ့အတွက်တော့ လွတ်မြောက်သွားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဦးချင်းကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ကျွန်တော်တို့ရင်ထဲ နှလုံးသားထဲမှာ ဦးချင်းက ထာဝရ ရှိနေမှာပါ။
သားသမီးများ၏ နှုတ်ဆက်ဂါဝရစကား
စန်းစန်းရှိန်
ဖေ့ဖေ့ခရီးနဲ့ဖေ့ဖေ့သမီး
ကျွန်မဖေ့ဖေ့အကြောင်း တစေ့တစောင်းပြောပါရစေ။ လူတွေကပြောတယ်။ ဦးချင်းက စီးပွါးရေးအောင်မြင်တယ်၊ ရက်ရောတယ်၊ စိတ်နှလုံးကောင်းတယ်၊ အမျိုးချစ်တယ်ပေါ့။ ကျွန်မတို့မိသားစုအတွက်တော့ ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အဖိုးကောင်း၊ အဘိုးကောင်းတစ်ယောက်အပြင် ရိုးရာကိုချစ်တဲ့ တရုတ်ကြီးစစ်စစ်ဆို မှားမယ်မထင်ပါဘူး။
ကျွန်မတို့မိသားစုဟာ ဖေ့ဖေ့ဦးဆောင်မှု၊ မေမေ့ပန့်ပိုးမှုတို့ကြောင့်နဲ့ ရေမြင့်လို့ ကြာတင့်နေခဲ့ရပါတယ်။ ကလေးငါးယောက်ကို ပြုစုပျိုးထောင်ရတဲ့ တာဝန်ဘယ်လောက်ကြီးလေးတယ်ဆိုတာအခုကျွန်မကလေးနှစ်ယောက်အမေဖြစ်တော့ ပိုပြီးတန်ဖိုးထား နားလည်ရပါပြီ။
ကျွန်မကိုမွေးတုန်းက သားဦးမဟုတ်လို့ တရုတ်ပီပီ ဖေဖေပီတိမဖြစ်နိုင်ခဲ့ပေမဲ့ နောင်သားလေးယောက် ဆက်တိုက်မွေးပြီးသကာလ ကျွန်မကဧကရီမဖုရားလေး ဖြစ်လာတာပေါ့။
သားရေးသမီးရေးကိစ္စအ၀၀ကို ကိုယ့်ကျန်းမာရေးထက်ပိုပြီးအလေးထားခဲ့ပုံလေးတွေပြောပါရစေ။ ကျွန်မဆေးကျောင်းအောင်တဲ့နှစ်မှာ ကျွန်မနဲ့စာအတူဖတ်တဲ့သူငယ်ချင်းတွေနဲ့ အညာဘုရားဖူးထွက်တော့ ဖေ့ဖေ့ခမျာ ဖုန်ရှူရင်း ရင်ကြပ်ပန်းနာထပါရော။ ၂၀၁၅ခုနှစ်မှာလဲ သားသမီးမြေးမြစ်တစ်သိုက်နဲ့ ဥရောပတစ်ခွင်ခရီးနှင်တုန်းကလဲ Switzerland နိုင်ငံ ပေငါးထောင်ကျော်မြင့်တဲ့ Zermatt တောင်ထိပ်ကို ဓာတ်ရထားနဲ့တက်တုန်းကလဲ အောက်စီဂျင်စက်ကလေးနဲ့ရှူရင်း မမောနိုင်မပန်းနိုင်မြေးများနှင့်ပျော်မဆုံးမော်မဆုံးပီတိတွေဝေခဲ့ပါတယ်။
မေ့မရနိုင်တဲ့ ဖေဖေနဲ့သွားခဲ့တဲ့ခရီးစဉ်ကတော့အဖေ့မွေးရပ်ဇာတိကိုအလည်သွားခဲ့တဲ့ခရီးပါပဲ။အဖေကသူ့မိဘတွေဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ “ထူလို”(Tulou) လို့ခေါ်တဲ့အိမ်ထောင်စုသုံးဆယ်နေထိုင်နိုင်သော စက်ဝိုင်းပုံအိမ်ကြီးကိုဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ သူကိုယ်တိုင် “ထူလို”အိမ်ကြီးထဲမှာမနေဖြစ်သော်လဲ ရွာမှာကျန်ခဲ့တဲ့ လူကြီးသူမတွေကိုအခမဲ့ပေးနေခဲ့ပါတယ်။ ဒါကြောင့်လဲ ကျွန်မတို့ရောက်တာနဲ့ တစ်ရွာလုံးက သောင်းသောင်းဖြဖြ ကြိုဆိုကျွေးမွေးကြတာဟာလဲ အံ့မခန်းဖွယ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ကျွန်မရင်ထဲနင့်နေအောင် စွဲကျန်ခဲ့တာကတော့ ကျွန်မနေထိုင်မကောင်းတိုင်း ဖေဖေကကကျွန်မကို ကျောပိုးပြီး သုံးထပ်တိုက်ပေါ်ကဆရာဝန်ဆီ အရောက်ပို့ပေးခဲ့တာပါဘဲ။ သိုပေမဲ့ ဖေဖေအသည်းအသန်ဖြစ်ချိန်မှာ ကျွန်မ ဖေဖေ့ကို ကုတင်မှခုံပေါ်ကို အပြောင်းအရွှေ့လုပ်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ပါတယ်။ ဆရာဝန်ဖြစ်တဲ့ကျွန်မဟာ ဖေ့ဖေ့နောက်ဆုံးထွက်သက်အချိန်မှာ အသက်မကယ်နိုင်ခဲ့တဲ့အတွက် ယူကြုံးမရဖြစ်မိပါတယ်။ ဒါပေမဲ့ ဖေဖေဒီရောဂါဝေဒနာမှ လွတ်မြောက်သွားပြီဖြစ်တဲ့အတွက် စိတ်ဖြေသာမိပါတယ်။
ဖေဖေရေ….စိတ်အေးချမ်းစွာနဲ့ သွားလိုရာသွားပါတော့။ ကျွန်မတို့အတွက် နောက်ဆံမတင်းပါနဲ့။ ဖေဖေချစ်တဲ့မေမေ့ကိုလဲ သားသမီးတို့အားလုံး ဆက်လက်ပြုစုစောင့်ရှောက်ပါမယ်။ မေမေ့ကိုစိတ်ချမ်းသာအောင်ထားပါမယ်။ ဖေဖေကောင်းရာသုဂတိလားပါစေသော်။
ချစ်သမီး
အောက်တိုဘာ ၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်
စိုးညိမ်း
ကျေးဇူးရှင် ဖေဖေ
ကျွန်တော့်ရဲ့ ငယ်စဉ် ကလေးဘဝကနေ အခုအရွယ်ထိ ဘဝရဲ့ တန်ဘိုးအရှိဆုံး ဆုလာဘ်ဟာ ဖေဖေ့မေတ္တာပါဘဲ။
ဒီနေ့ ဖေဖေ့ကို နောက်ဆုံး နှုတ်ဆက်ရချိန်မှာ ဖေဖေ့မေတ္တာတွေကို အထူးအမှတ်ရနေပြီး တသက်လုံးလဲ အောက်မေ့သတိရနေမှာပါ ဖေဖေ။
ဖေဖေ့ရဲ့ မေတ္တာတွေနဲ့ ကလေးဘဝတည်းက နွေးထွေးပျော်ရွှင်ခဲ့ရတာတွေ ဖေဖေ့ရဲ့ သွန်သင်ဆုံးမမှုတွေကို ပြန်လည်ခံစားကြားယောင်မိတိုင်း မျက်ရည်ဖြေမဆည်နိုင်အောင်ပါဘဲ။
မွေးရပ်မြေ တရုတ်ပြည်ကနေ ၁၃နှစ်အရွယ်တည်းက စွန့်စားထွက်ခွါခဲ့တဲ့ ဖေဖေဟာ သူ့မွေးကျေးဇူးရှင် ဖခင်ကို သက်ရှိထင်ရှားရှိစဉ် ပြန်မဆုံနိုင်ခဲ့ပေမဲ့ သူ့ညီငယ်နှစ်ယောက်ရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးခဲ့ရုံမက မွေးရပ်မြေက ဆွေမျိုးသားချင်းတွေအတွက် Tulou ခေါ် အိမ်ဝိုင်းကြီးကို တည်ဆောက်လှူဒါန်းပေးပြီး ဖခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ပါတယ်။
ဖေဖေဟာ ကျောင်းပညာကို ပြည့်စုံအောင် ဆည်းပူးခွင့်မရခဲ့ပေမဲ့ စူးစမ်းလေ့လာ သင်ယူလိုသောစိတ်နဲ့ လုံ့လဝီရိယကြိုးစားမှုတွေနှင့် အောင်မြင်မှုလမ်းကြောင်းပေါ် ထိုးထွင်း တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဘဝအတွေ့အကြုံနဲ့ သင်ခန်းစာတွေကို သားသမီးမြေးမြစ်တွေဆီ လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါတယ်။
ဖေဖေဟာ သူ့ရဲ့ ကြွယ်ဝမှုတွေကို မွေးရပ်မြေရပ်ရွာအကျိုးအတွက်သာမက လက်ရှိနေထိုင်ရာအရပ်က လူမှုအဖွဲ့အစည်းတွေ အတွက်ပါ လူအား ဉာဏ်အား စိတ်စွမ်းအားအပြည့်ဖြင့် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
ဖေဖေ့လိုဘဲ ကျွန်တော် ပြည်ပကို စွန့်စားထွက်ခဲ့တဲ့အချိန် ခက်ခဲမှုတွေ ရင်ဆိုင်ရတဲ့အခါ ဖေဖေ့လောက် ကြံ့ကြံ့မခံနိုင် ခဲ့တာ အမှန်ပါ။ ဒီလိုအားငယ်စိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ဖေဖေ့ရဲ့ မေတ္တာ နဲ့ ဆုံးမစကားတွေဟာ ကျွန်တော့်အတွက် အားဆေးကြီးတခွက် ဖြစ်ခဲ့ပါတယ်။
အခု ဖေဖေ လူ့လောကမှာ သက်ရှိထင်ရှားမရှိတော့ပေမဲ့ ဖေဖေ့ရဲ့ဆုံးမစကားတွေဟာ အမြဲပဲ့တင်သံ ထပ်နေမှာပါ။ ဖေဖေ စိတ်ချစွာနဲ့ ဘဝသံသရာခရီးကို ဆက်လှမ်းနိုင်ပါစေ…
ဖေဖေချစ်တဲ့ မေမေကို သားတို့ သားတို့ ပြုစု စောင့်ရှောက်နေမှာပါ။
မြင့်မိုရ်တောင်ဦး
မကကျူးတဲ့
ကျေးဇူးရှင်ဖခင်
စံတင်တုပလုံ့လဝီရိယအရှင်
ခေါ်သာခေါ်သည်၊ မနိုးတော့ပြီ။
သားကြီး မောင်စိုးငြိမ်း
အောက်တိုဘာ ၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်
စိုးသိန်း
ဂရုဏာရှင် ဖေဖေ
စက်တင်ဘာ ၁၄ ၂၀၂၄ ခုနှစ်မှာ ဖေဖေတစ်ယောက် အသက်(၉၀) မှာကွယ်လွန်ခဲ့ပါပြီ။ အနိစ္စတရားဆိုတာကို သဘောပေါက်နားလည်ပေမဲ့ ဖေဖေဆုံးတဲ့နေ့မှာတော့ အနိစ္စတရားကိုရင်ဆိုင်ဖို့ ကျွန်တော်တရားနဲ့မဖြေနိုင်ခဲ့သေးပါ။ အကောင်းဆုံးဆေး အကောင်းဆုံးသမားတော် သားသမီးဆရာဝန်တွေရဲ့ အသေးစိတ်ဂရုစိုက်မှု တွေက သေခြင်းတရားကိုအံတုဖို့ အားမသန်ခဲ့ပါ။ ဖေဖေတစ်ယောက် အိုခြင်းတရား သေခြင်းတရား နာခြင်းတရားကို ရဲရဲကြီး ရင်ဆိုင်ခဲ့ပါပြီ။
ဖေဖေရယ်… ဖေဖေနဲ့မေမေတို့ရဲ့ မိသားစုကိုချစ်တဲ့စိတ် ရပ်ရွာကိုချစ်တဲ့စိတ် မျိုးချစ်စိတ် နိုင်ငံချစ်စိတ်တို့ကို သားတို့လေးစားဂုဏ်ယူမဆုံးပါ။ ဖေဖေရဲ့ ကျွန်တော့ကို နောက်ဆုံးအကြိမ်ငေးကြည့်နေတဲ့ ဂရုဏာမေတ္တာတရားအပြည့်ရှိတဲ့ ဖေဖေ့ရဲ့ရုပ်ပုံလွှာဟာ ကျွန်တော့နှလုံးသားထဲမှာ အမြဲထင်ဟပ်နေပါတယ်။ ဖေဖေသက်ရှိထင်ရှားရှိစဉ်က ထိတွေ့ခဲ့ရတဲ့ဖေဖေ့ရဲ့လက်တွေဟာလဲ လုံ့လဝီရိယ ကြိုးစားမှုတွေရဲ့ အမှတ်သင်္ကေတတွေလို့ နှလုံးသွင်းနေမှာပါ။
ဖေဖေ့ရဲ့ရယူခြင်းထက် ပေးဆပ်ခြင်းကအဓိကဆိုတဲ့ ခံယူချက်ကို အမှတ်ထားလို့အတုယူလျက်ပါ။ ဖေဖေရဲ့လက်တွေ့ကျကျသွန်သင်ဆုံးမမှုတွေကြောင့် မိမိကိုယ်ကို ယုံကြည်မှုရဲ့စွမ်းအားတွေကို ပိုတိုးပွါးပြီး မေတ္တာတရားများကို သဘောပေါက်နားလည်ခဲ့ရပါတယ်။ ဖေဖေ့ရဲ့အကြင်နာမျက်လုံးတွေဟာ ကျွန်တော့ရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။ မိဘ ဆရာ သက်ကြီးရွယ်အိုတွေကို အလေးထားစောင့်ရှောက်၊ လူငယ်တွေကို လျစ်လျူမရှုတဲ့ ဖေဖေရဲ့ လူကျင့်ဝတ်တွေကိုလဲ သားနာယူခဲ့ရပါတယ်။
ရိုးသားကြိုးစားတဲ့ သံမဏိစိတ်ဓာတ်၊ ဖြောင့်မတ်တည်ကြည်တဲ့ ဂုဏ်သိက္ခာ၊ မေတ္တာစေတနာ ဂရုဏာများနဲ့ ပြည့်စုံတဲ့ မြင့်မိုရ်တောင်ဦးမကကျူးသည့် ကျေးဇူးကြီးလှတဲ့ ဖေဖေ့ရဲ့ဂုဏ်ပုဒ်တွေဟာ ကျွန်တော်တို့အတွက် စံနမူနာပါဘဲ။ နောင်ဘဝများပြန်ဆုံရရင် ဖေဖေရဲ့သား ပြန်ဖြစ်ရဖို့ဆုတောင်းပါတယ်။ မေမေကိုသားတို့ ဆထက်ပိုပြီး ပြုစုစောင့်ရှောက်သွားမှာပါ။ စိတ်ချသွားပါလေဖေဖေ။
သွားလေသူဖခင်ကြီးကို ယနေ့မိသားစုနဲ့ တကွ ဆွေမျိုး မိသင်္ဂဟအပေါင်းတို့က လာရောက်နှုတ်ဆက် ဂါရဝပြုကြတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်။
စိုးနီ
ကျွန်တော်သိသောဖေဖေ
လူတွေဟာ ကိုယ့်ဘဝ ဘယ်လိုပုံနဲ့ စမယ်၊ ဘယ်လိုဖြတ်သန်းမယ်၊ ဘယ်လို ဇတ်သိမ်းမယ်ဆိုတဲ့ ဇတ်ညွှန်းကို ဘယ်သူမှ အတိအကျ မရေးနိုင်ကြပေမယ့် ကိုယ့်ရဲ့ သမိုင်းမှတ်တိုင်တွေကိုတော့ ကိုယ်တိုင် စိုက်ထူကြရပါတယ်။ ဖေဖေက သူ့ရဲ့ သမိုင်းကို အပြောင်မြောက်ဆုံးနဲ့ အလှပဆုံး ရေးသွားခဲ့တဲ့အတွက် ကျွန်တော်တို့ လိုက်မှီဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ။
ဖေဖေက ကျန်းချင်းလျန့် (江清亮) အဖြစ် တရုတ်ပြည်မှာ မွေးဖွားလာခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ “ကြည်လင်တောက်ပတဲ့မြစ်”ပေါ့၊ ဖေဖေ့ရဲ့ စရိုက်လက္ခဏာတွေကလည်း သူ့နာမည်နဲ့လိုက်ဖက်ပါတယ်။ ဖေဖေ ဟာ မြစ်တစင်းလိုပဲ လူတွေကို ကောင်းကျိုးပြုခဲ့တယ်။ သူစကားပြောရင် သွယ်သွယ်ဝိုက်ဝိုက် ပြောလေ့မရှိပဲ တည့်တည့်ပဲ ပြောတတ်တာကြောင့် သူ့ကို ပကတိအတိုင်း ရှင်းရှင်းကြီးသိနိုင်ပါတယ်။ ဖေဖေဟာမီးအိမ်လိုပဲ ကြင်နာနွေးထွေးတဲ့အလင်းရောင်ခြည်ပေးစွမ်းနိုင်ပါတယ်။ သူ့သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့အပါအဝင် လူထောင်ပေါင်းများစွာရဲ့ ဘဝတွေကို သူ့အလင်းရောင်၊ သူ့မေတ္တာနဲ့ ထွန်းလင်းစေခဲ့သူပါ။
ဖေဖေဟာ ဆင်းရဲတဲ့ လယ်သမားမိသားစုရဲ့ သားချင်း ၈ယောက်မှာ နံပါတ် ၆အဖြစ် မွေးဖွားလာခဲ့ပါတယ်။ ဆယ်ကျော်သက်ရောက်လာတဲ့အချိန်မှာ ခရိုင်အဆင့် စကားရည်လုပွဲတက်ဖို့အတွက် ရွေးချယ်ခံခဲ့ရပေမယ့် သတ်မှတ်တဲ့ဝတ်စုံဝယ်ဖို့ မတတ်နိုင်ခဲ့တာကြောင့် ဆင်းရဲချို့တဲ့မှုအောက်ကလွတ်မြောက်အောင် ကြိုးစားဘို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ အသက် ၁၃နှစ်အရွယ်မှာတော့ ရေကြည်ရာမြက်နုရာရှာဖို့အတွက် ပင်လယ်ကူးသင်္ဘောတစီးပေါ် တက်လိုက်ခဲ့ပြီး မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ အဲဒီလို စွန့်စားတတ်တဲ့ဗီဇက ကျွန်တော်တို့မျိုးဆက်အထိ ရှိနေဆဲပါပဲ။
ဖေဖေဟာ မြန်မာပြည်မှာ အခြေချနေထိုင်ခဲ့ပါတယ်၊ ၁၉၇၂ ခုနှစ်မှာတော့ ဖေဖေ့ရဲ့ မွေးစားအဖေနဲ့ သူ့ရဲ့ သကြားလုံး လုပ်ငန်းကို ပြည်သူပိုင်အသိမ်းခံရပြီးနောက် ဖေဖေက သုညကနေ ပြန်စခဲ့ရပါတယ်။ အဲဒီလို ဇွဲမျိုးက ကျွန် တော် တို့ သွေးထဲမှာ ဆက်လက် ရှင်သန်နေလျက်ပါ။
ကိုယ့်ဘဝကို ကိုယ့်ဖာသာကိုယ် လေ့လာကြိုးစား တည်ဆောက်ခဲ့ရတဲ့ ဖေဖေဟာ ကျောင်းစာအုပ်တွေက ဗဟုသုတ အတတ်ပညာအတွက်ပဲဖြစ်ပြီး တကယ့်ဉာဏ်ပညာနဲ့ စွမ်းရည်တို့က အတွေ့အကြုံနဲ့ ကြိုးစားမှုကနေမှ ရနိုင်တာဖြစ်ကြောင်း အမြဲဆုံးမလေ့ရှိပါတယ်။ ကျွန်တော်က မုန့်ဖိုးတို့၊ အံပေါင်းတို့ ထဲက ပိုက်ဆံ ဘယ်လောက်စုမိပြီလို့ ကြွားတိုင်း ဖေဖေက ဒီပိုက်ဆံက မင်းရှာဖွေထားတာမဟုတ်ဘူးလို့ အမြဲသတိပေးခဲ့ပါတယ်။ ကုန်ပစ္စည်း ဝယ်ရောင်းလုပ်ရာက မြတ်လာတဲ့ ပိုက်ဆံတွေကို ပြပြန်ရင်လည်း ဖေဖေက ဒီပိုက်ဆံတွေက မင်းကိုယ်တိုင် ချွေးနဲ့ရင်းပြီး ရှာလာတာမဟုတ်ဘူးလို့ ပြောပြန်ပါတယ်။ စည်းနဲ့ ကမ်းနဲ့ အလုပ်ကြိုးစားလုပ်ရာက ရလာတဲ့ ပိုက်ဆံကိုသာ ပို
တန်ဖိုးထားကြောင်း ကျွန်တော်တို့ နှလုံးသားထဲမှာ စွဲနေအောင် လေ့ကျင့်ပေးလိုက်တဲ့ သဘောပါပဲ။
ဖေဖေက သူကိုယ်တိုင် ပညာပြည့်စုံအောင်မသင်ခဲ့ရပေမယ့် ကျွန်တော်တို့ကိုတော့ အဆင့်မြင့်ပညာကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ဆည်းပူးစေခဲ့ပါတယ်။ ၁၉၇၀ မှာ သူငယ်တန်းတုန်းက မိဘဆရာအသင်းရံပုံငွေအတွက် အလှူငွေထည့်ဖို့ ကျွန်တော်တောင်းတဲ့အခါ ငွေကျပ် ၁၀၀ တောင်ပေးခဲ့တာပါ။ အဲဒီတုန်းက ရွှေဈေးကမှ တအောင်စကို ၂၀၀ကျပ်လောက်ပဲ ရှိပါတယ်။ ကျောင်းတွေမှာ ကျောင်းစာသင်ခန်းပြင်ပ လှုပ်ရှားမှုတွေအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို ဖေဖေက ရက်ရက်ရောရော လှူလေ့ရှိသလို နွမ်းပါးတဲ့ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း ပံ့ပိုးပေးခဲ့တာတွေ အများကြီးပါ။
ဖေဖေရဲ့ ရက်ရောမှုက ပညာရေးနယ်ပယ်မှာတင် ရပ်မသွားပါဘူး။ ဘုံကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေ၊ ဘိုးဘွားရိပ်သာတွေ၊ မသန်မစွမ်း ကလေးများကျောင်းတွေ စတာတွေကိုလည်း အားတက်သရော လှူလေ့ရှိသူ ဖြစ်ပါတယ်။ ငွေလှူတာတင်မကပဲ လူမှုပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း ကိုယ်ရောစိတ်ပါ သူ့ရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကိုပါ မျှဝေပေးခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်က စနေ တနင်္ဂနွေတိုင်း အိမ်ရှေ့မှာ ပိုက်ဆံလာတောင်းတဲ့လူတွေ ပြည့်နေခဲ့တာကို ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်ခဲ့မိပေမယ့် ခုကြီးလာတဲ့အခါမှာတော့ စားစရာမရှိတဲ့လူတွေကို စာနာမျှဝေပေးခဲ့တဲ့ ဖေဖေ့ကို နားလည်နိုင်ခဲ့ပါပြီ။
ဖေဖေဟာ စိတ်တိုတတ်သူလို့ လူတွေသိကြပေမယ့် နှလုံးသားကတော့ နူးညံ့လှသူပါ။ သူစိတ်တိုတတ်တာက ငယ်ငယ်ကတည်းက ခံစားခဲ့ရတဲ့ ရင်ကြပ်ရောဂါကြောင့် လေဝဝရှူနိုင်ဖို့ အမြဲပူပန်ကြောင့်ကြပြီး စိတ်ကျဉ်းကျပ်နေခဲ့ရတာကြောင့်ဆိုတာသိနိုင်ပါတယ်။ ၁၉၇၈ခုနှစ် ဖေဖေရဲ့ မွေးဖခင်တရုတ်ပြည်မှာ ဆုံးပါးသွားတော့ သူချက်ချင်း မလိုက်သွားနိုင်တဲ့ အချိန်မှာ သူ့ရဲ့ခလေးဘဝကို ပထမဆုံးအကြိမ် ပြန်ပြောပြရင်း ဖေဖေမျက်ရည်ကျတာ ဉီးဆုံးမြင်ဘူးခဲ့တာပါ။ဖေဖေ့ရဲ့ နူးညံ့တဲ့ နှလုံးသားကိုတော့ ကလေးတွေကိုတခါမှ မရိုက်ခဲ့တာကိုကြည့်ပြီး သိနိုင်ပါတယ်။ ကျွန်တော်ကတော့ ချွင်းချက်ပေါ့။ ကျွန်တော် အကြီးဆုံးအကို ကို လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် ကျွန်တော့်ကို ၃ချက်ရိုက်တာ တကြိမ်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော့ကို “မငိုနဲ့၊ မင်းလုပ်ရပ်အတွက် မင်းခံရတာ”လို့ ပြောခဲ့ပါတယ်။
ဖေဖေက ကျွန်တော်တို့ကို ဘယ်တော့မှ မနမ်းရှုပ်ခဲ့ဖူးသလို ဘယ်တုန်းကမှလည်း ချစ်ပါတယ်မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့တိုင်း ရန်ကုန်မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေကို မိသားတစုအတူသွားစားကြတဲ့ အချိန်တွေဟာ ကျွန်တော်တို့ကလေးဘဝအမှတ်တရတွေပါ။ ကျွန်တော်တို့ လိုအပ်တာတွေကိုလည်း ဖေဖေဟာ မဆိုင်းမတွ ဖြည့်စည်းပေးတာပါပဲ။ အဲဒီအစဥ်အလာကို နောက်မျိုးဆက်တွေအထိ ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားကြမှာပါ။
ဖေဖေက အပြင်မှာ အာဝဇ္ဇန်းရွှင် စကားပြောကောင်းသလောက် သားသမီးတွေနဲ့ဆိုရင်တော့ ဆိုခဲစေ မြဲစေလို့ ပြောရမှာပါ။ တခါက ကျွန်တော့သူငယ်ချင်း ကျွန်တော့ဆိုင်ကယ် ယူစီးရင်းနဲ့ သူ့ခြေဖနောင့်က အရွတ်ပြတ်သွားခဲ့လို့ အရေးပေါ်ကို သွားခဲ့ရပါတယ်။ အဲဒီမှာ ဖေဖေက “မင်းဆိုင်ကယ်ယူစီးရင်း သူများသေသွားခဲ့ရင် သူ့မိဘတွေက ကျေးဇူးတင်မလား”လို့ ကျွန်တော့ကို ပြောခဲ့ပါတယ်။ ကျွန်တော် စကားကြမ်းကြမ်းပြောတိုင်းလည်း ဖေဖေက နောင်ကျရင် မင်းပါးစပ်က မင်းကို ဒုက္ခပေးလိမ့်မယ်လို့ မကြာမကြာ ဆုံးမတတ်ပါတယ်။ မှန်ပါတယ်။ ဖေဖေ့ကျန်းမာရေးအတွက် ကျွန်တော်ကိုယ်တိုင် ကိုယ်ရောစိတ်ပါ ပုံပြီး စောင့်ရှောက်ပေးနေတဲ့အချိန်မှာတောင် ကျွန်တော် စကားပြောတာ မဆင်ခြင်ခဲ့တဲ့အတွက် ဖေဖေဆုံးသွားတဲ့အချိန်မှာ ကျွန်တော် သိပ်စိတ်ထိခိုက်ခဲ့ရပါတယ်။
ဖေဖေဟာ သူ့ဘဝရဲ့နောက်ဆုံး၁၀နှစ်မှာ သူ့ရဲ့ ကျန်းမာရေးအတွက် နေ့စဉ် တနေ့နှစ်ကြိမ် တကြိမ်မှာ မိနစ် ၂၀ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပြီး အဆုတ်ကျန်းမာရေးအတွက် ခက်ခဲတဲ့ အသက်ရှုလေ့ကျင့်ခန်း တနေ့ ၃ကြိမ်ကို နေ့စဉ်မပျက်မကွက် ကြိုးစားလုပ်ခဲ့တဲ့အပြင် နောက်ဆုံး ၅နှစ်မှာလည်း ခါးနာတဲ့အတွက် ခါးလေ့ကျင့်ခန်း ကိုပါ တနေ့ကို နှစ်ကြိမ် တကြိမ်ကို ၁၅မိနစ် ကို ထပ်တိုးပြီး လုပ်ခဲ့ရပါတယ်။ ဒီနှစ် မေလ ၁၇ ရက်ကစပြီး အသက်ရှုလမ်းကြောင်း ပျက်စီးလာလို့ အသက်အန္တရာယ် ရှိလာတဲ့အချိန်ကစပြီး ပိုမိုပြင်းထန်တဲ့ အသက်ရှုလေ့ကျင့်ခန်းတွေကို တခြားဝေဒနာတွေ ခံစားနေရတဲ့ကြားက ၄လလုံးလုံး သတ္တိရှိရှိ ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်။ နောက်ဆုံး ၄ပတ်မှာတော့ အစာစားချင်စိတ် မရှိတော့သလို အလေးအပင်နဲ့ လုပ်ရတဲ့လေ့ကျင့်ခန်းတွေကိုလည်း မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် စက်တင်ဘာ ၇ရက်နေ့မှာ ကျင်းပခဲ့တဲ့ သူတက်ဖို့ စိတ်ဆောင်ထားတဲ့ သူ့မြေးရဲ့ လက်ထပ်မင်္ဂလာပွဲကို အေးချမ်းတဲ့ပီတိအပြုံးလေးနဲ့ တက်ရောက် ကြည့်သွားနိုင်ခဲ့ပါတယ်။ အဲဒီနေ့ကနေ နောက် ၂ရက်လုံးလုံး သူ့မြေးတွေအကြောင်းပဲ ပြောနေတော့တာပါ။ မင်းတို့အားလုံးကိုစိတ်ချပြီတဲ့။
အဲဒီနောက်ပိုင်းမှာတော့ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမတွေ တရားတော်တွေကို နာယူခြင်းဖြင့် ဖေဖေက သူ့ရဲ့နောက်ဆုံးရက်တွေအတွက် စတင်ပြင်ဆင်လာခဲ့ပါတယ်။ စက်တင်ဘာ ၁၄ရက်နေ့မှာတော့ ဖေဖေက သူ့ရဲ့နောက်ဆုံးအစာအဖြစ် မေမေကိုယ်တိုင်ချက်ပေးထားတဲ့ အမဲရောင်ကြက်ဆန်ပြုတ်ကိုစားပြီး အေးချမ်းတည်ငြိမ်စွာနဲ့ပဲ သံသရာခရီးကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
ကျွန်တော် မငိုပါဘူးဖေဖေ။ ဖေဖေက ကျွန်တော့ရဲ့ သူရဲကောင်းဖြစ်တော့ ကျွန်တော် ဦးပဲညွှတ်လိုက်ပါ့မယ်။ ဒီဘဝမှာ ဖေဖေ့သားဖြစ်ရတာ ကျွန်တော့အတွက် ဂုဏ်အယူရဆုံးပါ။ ကျွန်တော်တို့အတွက်တော့ ဖေဖေက ဘယ်တော့မှ မသေပါဘူး၊ ကျွန်တော်တို့ ရင်ထဲ နှလုံးသားထဲမှာ အမြဲရှင်သန်နေမှာပါ။ I love you dad, we all love you.
သား
စိုးနီ
အောက်တိုဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်
ညိုညိုအေး
ကြွရောက်လာကြသော ဆွေမျိုးမိသင်္ဂဟများရှင်
ကျွန်မကတော့ ကောင်းချင်းလျောင်၏ ဒုတိယသား ကိုစိုးသိန်းရဲ့ဇနီးပါ။ အိမ်ထောင်ကျကတည်းက ရှူရှူ မာမားတို့နဲဘအတူတစ်အိမ်ထဲမှာ ၁၅ နှစ်တိုင်တိုင် သားသမီးလေးယောက်ထွန်းကားသည်အထိ အတူနေထိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အိမ်ကြီးထဲမှာစည်စည်ကားကားနဲ့အပျော်ဆုံးပေါ့။ အိမ်ရှင်မတာဝန်ယူပြီး ရှူရှူကြိုက်တဲ့ဟင်း ဦးစားပေးချက်ပြုတ်ပေးခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာ ဩစတြေးလျနိုင်ငံသို့ ပြောင်းရွှေ့တဲ့အခါ ကွန်တာ(အဖိုး), ရှူရှူ မားမားနဲ့ ရှောင်ဖန့် ခွဲခွါရတဲ့အတွက် အင်မတန် ဝမ်းနည်းခဲ့ပါတယ်။
၂၀၀၄ခုနှစ် ရှူရှူတို့ ပထမဆုံးAustralia ကိုလာလည်တဲ့အခါမှာ `နင်တို့မိသားစုခြောက်ယောက်ထွက်သွားတာ ငါ့နှလုံးကိုဆွဲထုတ်သွားသလိုဘဲ’ ဆိုတဲ့စကားဟာ ကျွန်မအတွက် မေ့မရနိုင်ပါဘူး။ ကျွန်မတို့မပြောင်းရင် ပိုကောင်းမှာပေါပြောတော့ `ဒီလိုမဟုတ်ဘူးလေ သားသမီးရှေ့ရေးအတွက် မိဘလုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပေါ’ ဆိုတဲ့စကားက ရှူရှူရဲ့ မိဘကောင်းစိတ်ဓာတ်ကိုထင်ရှားစေပါတယ်။
ယောက္ခထီး ယောက္ခမဆိုပေမဲ့ မိဘလိုဘဲအမြဲသဘောထားခဲ့သလို သူတို့ကလဲ ကျွန်မကိုသမီးလိုပါဘဲ။ ပွင့်လင်းတယ်၊ အမှန်အတိုင်းပြောတတ်တယ်၊ သူတပါးကိုကူညီတတ်တဲ့ စေတနာမေတ္တာတွေဟာ ကျွန်မတို့အတုယူစရာပါဘဲ။ ကျွန်မကိုလဲ စိတ်ဓာတ်ရေးရာအရ အမြဲတမ်းအားပေးခဲ့ပါတယ်။
ရှူရှူနဲ့ ခွဲခွါရခြင်းက မိသားစုအားလုံးအတွက် တိုင်းတာမရတဲ့ အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ရပါပါဘဲ။ အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့မိသားစုတွေအားလုံး လာရောက်ပြုစုခွင့်ရတာကတော့ အဖိုးမဖြတ်နိုင်ပါဘူး။ ရှူရှူကောင်းရာသုဂတိသို့လားပါစေ။ ။
ညိုညိုအေး
အောက်တိုဘာ ၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်
မြေးများ၏ နှုတ်ဆက်ဂါဝရစကား
တာတာနှင့် အပျော်ရွှင်ဆုံးနေ့ရက်များ
ကျွန်မကတော့မြေးအကြီးဆုံးဆိုတော့ ကျွန်မတို့ရဲ့ဖိုးဖိုး တာတာအကြောင်း ဦးဦးဖျားဖျားပြောပါရစေ။ တာတာကြီးက ကျွန်မတို့မောင်နှမ (၄)ယောက်နဲ့ (၁၃)နှစ်တိုင်တိုင် အတူနေထိုင်ခွင့်ရခဲ့ပါတယ်။ တာတာကြီးဟာ ကျွန်မတို့မြေးမြစ်တွေအားလုံးအတွက် ရှေ့ဆောင်မီးရှူးလဲဖြစ်၊ အားကိုးရာပန်းတိုင်ကြီးလဲ ဖြစ်ပါတယ်။
တာတာကြီးရဲ့ ငယ်စဉ်ဘဝက တရုတ်ပြည်ကနေ စွန့်စားထွက်ခွါလာခဲ့တဲ့ စွန့်စားခန်းတွေက အားလုံးသိပြီးသားဖြစ်ပါတယ်။ အဲ့ဒီကဘဝသင်ခန်းစာတွေနဲ့အတူ သူများအပေါ် ပေးကမ်းကြည့်ရှု စောင့်ရှောက်တတ်တဲ့ သဒ္ဓါတရားတွေကိုလဲ အတုယူခဲ့ရပါတယ်။ ကလေးဘဝက ရေခဲမုန့်ဆိုင်သွားခဲ့တာတွေ ဒင်းဆမ်းသွားစားတာတွေကတော့ ချိုမြိန်တဲ့အတိတ်ရဲ့ အရိပ်တွေဘဲပေါ့။ စည်းကမ်းကြီးတဲ့အမေ့ကိုမသိအောင် ကျွန်မတို့ကို မုန့်ဖိုးတိတ်တခိုးပေးတတ်တဲ့တာတာ၊ ပြည်ပခရီးအပြန် လက်ဆောင်ပစ္စည်း လိုတရဖြည့်ဆည်းပေးခဲ့တာ တာတာကို မေမေလက်လျှော့ရတော့တာပေါ့။ ကျွန်မမှာ ကျောပိုးအိတ်ခုနစ်ခုတောင်ရှိပါတယ်။
တာတာနဲ့ကျွန်တော်တို့ ငယ်ငယ်က အမှတ်တရလေးတွေထဲမှာ TVအချိန် လုရတာလေးတွေပေါ့။ သူ့ရဲ့တရုတ်သတင်းတွေကြား ကြော်ငြာလာတဲ့အခါမှာနဲ့ သူအိပ်မောကျသွားတဲ့အခါ cartoonကားတွေကို အမောတကောကြည့်ရတဲ့အဖြစ်တွေ၊ အမေမသိအောင် မုန့်ဖိုးခိုးပေးတတ်တဲ့အဖြစ်တွေက ရင်ခုန်စရာပါဘဲ။ အမေဒဏ်ပေးတော့မယ်ဆို တာတာနောက်ပုန်းပြီး အရိပ်ခိုရတာကလဲ ရင်အေးစရာပါဘဲ။ အဲ့ဒီကြည်နူးစရာနေ့တွေဟာ ကျွန်တော်တို့ Australia သွားတဲ့နေ့မှာလဲ အပြောင်းကြီးပြောင်းလဲခဲ့ပါတယ်။
တာတာဟာအတော် စတိုင်စမတ်ကျတယ်။ ဘိုကေကိုပြောင်အောင်ဖီး၊ မုတ်ဆိတ်ကိုပြောင်အောင်ရိတ်၊ ခြေသည်းလက်သည်းကိုသပ်ရပ်အောင်ဆိုင်မှာ သွားညှပ်တာလဲ ဟိုတစ်ခေတ်ကအဆန်းတစ်ခုပါဘဲ။ ခြံထဲကပန်းတွေကိုလဲ မာလီကြီးနဲ့ စနစ်တကျနေ့စဉ်ရွှေ့ပြောင်းရတာကလဲအမော။
ကျွန်တော်တို့မြန်မာပြည်မှာနေတုန်းက ကျောင်းသွားရင် ကျွန်တော်ကြိုက်တဲ့အစားအစာတွေ ဝယ်ကျွေးလေ့ရှိတယ်။ မေမေနဲ့ဆိုမရဘူးလေ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တာတာကြီး Australia လာလည်ရင် သူက basketball ပွဲ၊ ကျောင်းကပွဲ၊ ပန်းချီပြိုင်ပွဲတွေမှာ သူကထိပ်ဆုံးကပရိသတ်ပေါ့။ တစ်ခါတုန်းက ကျွန်တော့အကို basketball ပြိုင်ပွဲသွားအေးပေးဖို့ အိမ်မှာကားမရှိတာနဲ့ ကျောင်းကို busကားနဲ့သွားပြီး လမ်းမှာ သစ်ချုံပင်တွေကြား ပြေးလွှားကစားခွင့်ပေးတာ တကယ်ပျော်စရာကြီးပါဘဲ။ ကျွန်တော်တို့အတွက် skateboard ဝယ်ပေးတာ ကျောင်းမှာ super starဖြစ်ရောဘဲ။ ၂၀၁၃ခုနှစ်မှာ ကျွန်တော့အမ Sandyနဲ့ USကို ပြောင်းရွှေ့တက္ကသိုလ်တက်ခဲ့ပါတယ်။ တာတာကြီးအိမ်မှာနေရင်း သူ့အုပ်ထိန်းမှုအောက်မှာ ပညာရေးနဲ့ပန်တိုင် မျက်ခြေမပျက်ဖို့ အစဉ်မပြတ်သွန်သင်ဆုံးမမှုကိုခံခဲ့ရပါတယ်။
Stanleyနဲ့ USကို ကျောင်းတက်တုန်းက တာတာအိမ်မှာ နေရတဲ့အချိန်တွေဟာ ငယ်စဉ်ဘဝပြန်ရောက်ခဲ့သလို အတွေ့အကြုံအသစ်တွေလဲရခဲ့ပါတယ်။ ငယ်စဉ်အတွေ့ကြုံဆိုတာ Arcadiaတစ်ဝိုက်က သူ့ကြိုက်တဲ့ဆိုင်မှန်သမျှ ခေါ်သွားကျွေးတာမျိုးပေါ့။ အတုံ့အပြန်အနေနဲ့ သူကြိုက်တဲ့ Mc Donald ရေခဲမုန့်ကို ခေါ်ကျွေးဖို့ လုပ်လိုက်တိုင်း ရေခဲမုန့်စက်ပျက်တာနဲ့ကြီးဘဲကြုံနေရတော့ မျက်နှာပျက်ပေါင်းလဲမနည်းတော့ဘူး။ အတွေ့အကြုံသစ်ထဲမှာ ကျွန်မကားမောင်းတာပေါ့။ တာတာက GPSကိုမကြိုက်ဘူး၊ သူ့ရဲ့မှတ်ဉာဏ်နဲ့ လမ်းကြောင်းတွေကို GPSထက်ပိုပြီး တိတိကျကျပြောနိုင်တာ အံ့စရာပါဘဲ။ ကျွန်မကိုလဲ နင်အမြဲတမ်ဍ ကွက်တိမှားတယ်လို့ ပြောတာလဲ ခံရမှာပါဘဲ။ ဒီလိုနဲ့ မြေးအဖိုးနှစ်ယောက် မတည့်အတူနေဆိုသလို မငြင်းခုန်လဲမနေနိုင် မချစ်လဲအနေနိုင်တဲ့ဘဝပါ။ တစ်ခါကတာတာမျက်နှာပေါ်မှာ creamတွေအများကြီးလိမ်းပြီးထွက်လာတော့ Pocahontas ကားထဲက Grandma Willow နဲ့တူလို့ သူ့ကိုရယ်မိတာ တာတာက ကျွန်မကိုရူးနေတယ်လို့ ထင်ရှာတယ်။ အဲ့သလိုချစ်စရာကောင်းတဲ့အဖိုးပါ။ ကျွန်မတို့အကြိုက်တူတာတွေကတော့ မုန့်အချိုတွေနဲ့ basketball, tennis ပြိုင်ပွဲတွေပါဘဲ။ ၂၀၁၆ Olympic ပွဲမှာ မြေးအဖိုးနှစ်ယောက် သူကသွေးတက် ကျွန်မကနှလုံးခုန် ရင်တုန်ဖြစ်ကြရပါတယ်။
May လကစပြီး တာတာအဆုတ်ရောဂါ ဖိစီးလာတော့ ကျွန်တော်သူ့ဆီ တစ်ပတ်လာနေရင်း နာလန်ထူအောင် ဝိုင်းဝန်းပြုစုခဲ့ပါတယ်။ တာတာဟာ လူကမမာပေမဲ့ စိတ်ကမာတော့ တိမ်တွေဖုံးနေတဲ့နောက်ကွယ်က အမြဲတမ်းတောက်ပနေတဲ့ နေမင်းကြီး
လိုပ်ဘဲ။ သူဘယ်လောက်ဘဲ အားပြတ်နေပါစေ သူ့ခြေပေါ်သူပြန်ရပ်နိုင်အောင် ကျွန်တော့ရဲ့အားပေးကူညီမှုနဲ့ Physical Therapy ကိုကြိုးစားလေ့ကျင့်ယူခဲ့ပါတယ်။ လှေခွက်ချည်းကျန်၊ အလံမလှဲတဲ့စိတ်ဓာတ်မျိုးပေါ့။
တာတာကတော့ ၂၀၂၃ခုနှစ်မှာ ရတနာတစ်ပါးတိုးပွါးခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးမြစ်ပေါ့။ မေလ ၂၁ရက် ဆေးရုံကဆင်းတဲ့နေ့မှာ Kaiyan လေးကိုသူပထမဆုံးတွေ့ခဲ့ရတယ်။ ထုံးတမ်းစဉ်လာအတိုင်း အံပေါင်းပေးပြီး ကောင်းချီးပေးခဲ့တယ်။ ကျွန်မကိုလဲ ကလေးကိုလူတစ်လုံး သူတစ်လုံးဖြစ်မြောက်တဲ့အထိ ပြုစုပျိုးထောင်ဖို့ မှာခဲ့ပါတယ်။ သူ့ရဲ့သားသမီး မြေးမြစ်တွေအပေါ်မှာ ထားတဲ့မေတ္တာဟာအတုမရှိပါ။ ကျွန်မနဲ့နောက်ဆုံးစကားပြောခဲ့တဲ့အချိန်မှာ သူ့သားသမီးမြေးမြစ်တွေအပေါ် စိတ်ချပြီဖြစ်ကြောင်းနဲ့ သူ့မြေးကြီး (၄)ယောက်ကို ၂၀၂၅ခုနှစ်အကုန်မှာ လက်ထပ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ တာတာရဲ့အချစ်မေတ္တာစေတနာတွေကို သမီးတို့ ဦးထိပ်ပန်ဆင်ပြီး သတိတရနဲ့ကြိုးစားသွားကြမှာပါ။
—
ဖိုးဖိုးအချစ်၊ ဖိုးဖိုးအရစ်
ကျွန်တော်တို့ လေးနှစ်သား မြန်မာပြည်ကို ပထမဆုံးအလည်လာတုန်းကပေါ့…တာတာကြီးက ကုလားထိုင်မှာထိုင်ရင်း တရုတ်TVသတင်း ကြည့်နေတဲ့အချိန်မှာ ကျွန်တော်တို့ကလေးတွေက ကာတွန်းကားကို မျှော်နေကြရတဲ့အဖြစ်၊ အဖိုးအဖွားနဲ့ တစ်ခါမှမမြင်ဘူး မနေဘူးတော့ သီရိဂေဟာမိသားစုကြီးရဲ့ အရသာကို ပထမဆုံးခံစားလိုက်မိပါတယ်။
သာသာနဲ့ ခရီးစဉ်များစွာထွက်ခဲ့ရတဲ့ ပျော်ရွှင်စရာအမှတ်တရများကိုပြောပါရစေ။
- တာတာဩစတြေးလျကို ပထမဆုံးလာလည်စဉ်က ငန်းနက်တွေကိုအစာကျွေးနေခဲ့တဲ့ အခိုက်အတန့်တုန်းက တာတာရဲ့အပြုံး
- ကျွန်တော်တို့ LAမှာဆုံတုန်းက တာတာကြီးကိစ္စထိပ်ဝရောက်လို့ ကမုတ်ပေါ်ကကျွန်တော့ကို အလောတကြီး ချီချရတဲ့အဖြစ်
- မြေး(၁၀)ယောက်အထိ တိုးပွါးလာတဲ့ ကျွန်တော်တို့ Kong မိသားစုတွေ ၂၀၀၅ခုနှစ်နဲ့ ၂၀၁၃ခုနှစ် ဩစတြေးလျမှာ နှစ်ခါ၊ သာသာနဲ့ကျကျ နှစ်(၅၀)ပြည့်မင်္ဂလာ ရန်ကုန်မှာတစ်ပြန်၊ ၂၀၁၅ခုနှစ် တာတာ(၈၀)ပြည့် San Diegoမှာတစ်ခါ၊ ၂၀၂၂ခုနှစ် Tamacula မှာနောက်ဆုံးတစ်ခါ ပျော်ပျော်ပါးပါးကြီး ပြန်ဆုံရတဲ့အချိန်တွေဟာ ကျွန်တော့အတွက်မမေ့နိုင်တဲ့ ကြည်နူးစရာအကောင်းဆုံး အမှတ်တရတွေပါဘဲ။ တာတာကိုချစ်ခင်တွယ်တာစရာကောင်းတဲ့ အဖိုးတစ်ယောက်လို အမှတ်ရနေမဲ့အပြင် တစ်ချိန်ကအထီးကျန်လုလင်ငယ်ဘဝကနေ သီရိဂေဟာမိသားစုကြီးကို တည်ထောင်လာခဲ့တာဟာ လူစွမ်းကောင်းကြီးတစ်ယောက်သဖွယ် လေးစားကြည်ညိုဖွယ်ကောင်းလှပါတယ်။ အင်း…..ကျွန်တော့အကိုလောက်တော့ အဖို့းနဲ့အတူနေဖို့ ကံမကောင်းခဲ့ပါဘူးဗျာ။
—
လေးစားဂုဏ်ယူလျက်ပါ ချစ်သောတာတာ
ဟုတ်ပါတယ် ကျွန်တော်ကတော့ မောင်ကံကောင်းပေါ့။ ကျွန်တော် USမှာ အလုပ်ပြောင်းလုပ်ပြီးတဲ့နောက် ၂၀၁၉ခုနှစ် တာတာတို့LAအိမ်မှာ အတူနေခွင့်ရခဲ့ပါတယ်။ ကုသိုလ်လဲရ ဝမ်းလဲဝပေါ့။ ကိုးရိုးကားယားအဖြစ်ကလေးတွေ ပြောပြရဦးမယ်။
မယားကိုဦးဆောင်၊ အစားဆိုဦးလျောင် ဆိုတဲ့အတိုင်းဘဲ တာတာ့အတွက် ဟင်းတစ်ခွက်ဖြစ်ဖို့က မဟာရဌပညာတစ်ရပ်လိုအပ်ပါတယ်။ ဒီလိုလှီး ဟိုလိုဖြတ် ဟိုလိုစပ် ဒီလိုခပ် rating 8/10 ရဖို့ အတော်ခက်ပါရဲ့။ Covid အချိန်ကလဲ တရုတ်သတင်းစာဝယ်ဖို့ အလောတကောထွက်သွားတဲ့ တာတာ့နောက် မျက်နှာဖုံးတပ်ဖို့ အပြေးလိုက်ခဲ့ရတဲ့အမောတွေ၊ ဓာတ်ပုံရိုက်တိုင်း သူ့အပြုံးအတွက် အစုအရုံးပြက်လုံးထုတ်ခဲ့ရတာစတဲ့ပညာတွေ၊ ဘူးဆိုဖရုံမသီးတဲ့ တာတာ့ကို သူ့ကျန်းမာရေးအတွက် အစားအသောက်အနေအထိုင်ဆင်ခြင်အောင် စွမ်းဆောင်ရတဲ့ ပညာတွေအပြင် တာတာ့ဆီကတင်္ခဏုပ္ပတိဉာဏ်၊ ဇဝနဉာဏ်တွေကိုလဲ ကောင်း၏ဘဝတက္ကသိုလ်မှာကိုယ်တွေ့ဆည်းပူးခဲ့ပါတယ်။
တာတာဟာ အမှောင်ကိုခွင်း အလင်းကိုဆောင်တဲ့ မီးအိမ်ရှင်ဆိုတာ သူ့ကိုသိတဲ့လူတိုင်း လက်ခံအသိအမှတ်ပြုကြပါတယ်။ သာမညလူသားပေမဲ့ သူ့ရဲ့ပညာနဲ့ အကြင်နာထာဝရရှင်သန်မဲ့ အာဂပုဂ္ဂိုလ်ဆိုတာ ကျွန်တော်တို့ သားစဉ်မြေးဆက် လေးစားဂုဏ်ယူလျက်ပါ။
—
တာတာ့အကြောင်း တစေ့တစောင်း
အားလုံးသိပြီးသား တာတာ့အကြောင်းကို စမြုံ့မပြန်တော့ပါဘူး။ တာတာဟာ တစ်ရွာတစ်ကျည်ဆောက်တယ်လို့ ပြောရအောင် မြန်မာပြည်၊ California၊ Texas နဲ့ Australia တွေမှာ မိသားစုအိမ်ယာများစွာရဲ့ ပိုင်ရှင်ဆိုလဲမမှားပါဘူး။ ကျွန်တော်တို့ရဲ့ ကလေးဘဝအစောပိုင်းမှာ တာတာကြီးနဲ့ထိတွေ့မှု များစွာကြုံခွင့်မရခဲ့ပေမဲ့ မိသားစုတွေ့ဆုံပွဲတွေမှာတော့ တာတာ့အကြောင်း တစေ့တစောင်းသိခဲ့ရပြီး ၂၀၁၀ခုနှစ် LAကို ပြောင်းလာပြီးနောက် တာတာတို့အိမ်မှာ ကျွန်တော်တို့ရိပ်မြုံရိပ်သာအဖြစ် လက်ပွန်းတတီးနေထိုင်ခွင့်ရခဲ့ပါတယ်။ နိုးသော်ရှိ မနိုးသော်ရှိ တရုတ်TV သတင်းတွေကို အကျယ်ကြီးဖွင့်ထားတတ်တဲ့အကျင့်၊ Basketball ပွဲ သိပ်ကြိုက်တဲ့ တာတာတစ်ယောက် Lakerအသင်းကို အားတက်သရောကြည့်တတ်တဲ့အကျင့်၊ Lotteries ဆုကြေးတွေများလာရင်လဲ ထီထိုးတတ်တဲ့ဝါသနာ၊ သူ့ရဲ့ရှည်လျားတဲ့ phone contact တွေထဲက သူငယ်ချင်းတွေကို အားပါးတရ ဖုန်းပြောတတ်တဲ့အကျင့်တွေဟာ အတော်ချစ်စရာကောင်းလှပါတယ်။ ကျွန်တော်တို့ငယ်စဉ်က ကျောင်းနဲ့Tennis ကစားပွဲတွေကို မေမေမအားရင် တာတာကလိုက်ပို့လေ့ရှိပါတယ်။ အခုသူကြီးလာတေ့ကျွန်တော်တို့အလှည့်ပေါ့။ တာတာရဲ့ သွက်လက်ချက်ချာတဲ့ အလေ့အကျင့်တွေဟာ ဇရာထောင်းတာနဲ့အမျှ တဖြေးဖြေးအရှိန်လျော့လာပါတယ်။
၂၀၂၄ မေလကစပြီး တာတာရဲ့အဆုတ်ရောဂါ ဖိစီးမှု ပိုမိုပြင်းထန်လာပြီး ICUမှာ တက်ရတဲ့ညမှာ တာတာကိုစောင့်ရင်း သူ့ရဲ့ဝေဒနာကို သတ္တိရှိရှိ အံတုခဲ့တာကိုမျက်မြင်တွေ့ခဲ့ရပါတယ်။ တစ်ညမှာ ကျွန်တော့ကို ဆေးရုံကနေ အိမ်ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘာမဆိုမဖြစ်မနေလုပ်တတ်တဲ့ တာတာ့ရဲ့စိတ်ဓာတ်ကို ကျွန်တော်လေးစားလို့မဆုံးပါဘူး။ တကယ်တော့ ဘဝတက္ကသိုလ်မှာ အသိပညာ အတတ်ပညာတွေက ကိုယ်ထူကိုယ်ထဆည်းပူးပြီး တည်ဆောက်ခဲ့တဲ့တာတာဟာ ကျွန်တော့အတွက် အတုယူစရာ၊ စံနမူနာထားစရာ၊ မြင်ဆရာ၊ ကြားဆရာပါဘဲ။ ကျွန်တော်ကျေးဇူးတင်ပါတယ် တာတာရယ်။ တာတာတစ်ယောက် မြင့်မြတ်တဲ့ဘုံဘဝမှာ သူနှစ်သက်တာတွေကို ခံစားစံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း အမြဲအောက်မေ့သတိရနေမှာပါ။
—
ဖိုးဖိုးအချစ် မြေးအနှစ်
အားလုံးကြားခဲ့တဲ့အတိုင်းဘဲ တာတာကြီးက အပြောမဟုတ် အလုပ်နဲ့ သက်သေပြတဲ့သူဆိုတာ Covidကြောင့် online courseကိုတာတာကြီးအိမ်ကနေတက်ခဲ့ရတဲ့ကာလမှာ ကိုယ်တွေ့သိခွင့်ရခဲ့ပါတယ်။ တာတာကြီးရဲ့ သုညတစ်လုံးကစခဲ့ပြီး သုညပေါင်းများစွာ ပွါးများလာတဲ့အထိ ဘဝတက္ကသိုလ်မှာ သု စိ ပု ဘာ ဝိ လိ သိ ဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို နှစ်လုံးသွင်းပြီး စုတုပြုခဲ့တဲ့ သူ့ဘဝဇာတ်လမ်းကို ကျွန်မ Stanford တက္ကသိုလ်မှာ ပထမဆုံး စာစီစာကုံးရေးခဲ့ပါတယ်။ တာတာဟာ ဘိုးစဉ်မြေးဆက် အစဉ်အလာကို အထူးတန်ဖိုးထားတာနဲ့အမျှ မိသားစုပုံတွေကို ကျွန်မနဲ့အတူ ကြည့်ခဲ့ရတဲ့ အချိန်တွေဟာ သူ့အတွက်ပီတိအဖြစ်ဆုံးအချိန်လို့ ကျွန်မတပ်အပ်သိပါတယ်။ တာတာကြီးရဲ့ အနိုင်မခံအရှုံးမပေးတဲ့ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့စိတ်ဓာတ်၊ ပေးကမ်းခြင်းသည်သာ အောင်မြင်ရာဆိုတဲ့ပရဟိတစိတ်ဓာတ်စတဲ့ စရိုက်လက္ခဏာတွေဟာ ကျွန်မမှာအတော်ရောင်ပြန်ဟပ်တာကိုလဲ ဂုဏ်ယူမဆုံးပါ။
ညည တို့တိတို့စ စားတတ်တဲ့အကျင့်၊ သတိမူရင်မြူတောင်မြင်တဲ့ စေ့စပ်သေချာပြီး ဆည်တဲ့ကန်သင်း၊တည်တဲ့ဟင်း အလေ့အထတွေဟာ ကျွန်မအတွက် မပြေးသော်လဲ ကန်ရာရှိတဲ့ တာတာရဲ့ အမွေအနှစ်တွေဟာ ကျွန်မရဲ့အသွေးထဲ နှလုံးသားထဲမှာ အမြဲစီးဆင်းနေမှာပါ။
—
မမေ့နိုင်ဆုံး ပီတိအပြုံး
တာတာ့အကြောင်းပြောမဆုံးပေါင် တောသုံးထောင်ပါဘဲ။ သဘောထားကြီးသော၊ ကြင်နာတတ်သော၊ ပေးကမ်းကူညီတတ်သော၊ စူးစမ်းကြံဆတတ်သော၊ လုံ့လဝီရိယရှိသော၊ စိတ်ဓာတ်ကြံ့ခိုင်သော စတဲ့ ဗီဇလက္ခဏာတွေဟာ ကျွန်တော်တို့ သားသမီး မြေးမြစ်တွေအားလုံးအပေါ်မှာ မျိုးစေ့သန္ဓေတည်ပေးခဲ့ရုံသာမက ကျင့်ကြံအားထုတ်ဖို့ကိုလဲ အမွေကောင်းလက်ဆင့်ကမ်းခဲ့ပါတယ်။ လူသေသော်လဲ မူမသေခဲ့ပါ။ ကျွန်တော်တို့ မျုးဆက်သစ်တွေရဲ့ အောင်မြင်မှုကိုလဲ တာတာကိုယ်တိုင် မျက်မြင်ကိုယ်တွေ့သိခဲ့ရတဲ့အတွက် သူဝမ်းမြောက်ဂုဏ်ယူကြောင်းပြောမဆုံးနိုင်ခဲ့ပါ။ Kongမျိုးဆက်ရဲ့ တောက်ပတဲ့မျက်လုံး စိန်မျက်ခုံးကိုလဲ မြေးမြစ်တတွေ အမွေဆက်ခံယူကြရပါတယ်။
တာတာနဲ့ကျကျနဲ့ ဝမ်းကွဲညီအကိုမောင်နှမတွေနဲ့ ဝေးကွာပြီး အထီးကျန်တဲ့ ကျွန်တော်ကလေးတုန်းက Kongမိသားစုတွေ့ဆုံပွဲတွေပြီးလို့ Texasကိုပြန်တိုင်း ငိုခဲ့ရပါတယ်။ Covid pandemic ဖြစ်တော့ တာတာအိမ်မှာနေပြီး online ကျောင်းတက်ရတာဟာ အကောင်းထဲကအဆိုးဆိုသလို ကျွန်တော့စိတ်ကူးအိပ်မက်ကလေးအကောင်အထည်ပေါ်ခဲ့ပါတယ်။ အချက်အပြုတ်ဝါသနာပါတဲ့ကျွန်တော့အဖို့ အစားအသောက်ကောင်းနှစ်သက်တတ်တဲ့တာတာအတွက် စည်းဝါးအကိုက်ပါဘဲ။ အထူးအဆန်းခေါက်ဆွဲပြုတ်တစ်ခွက်ထက် ရိုးရိုးခေါက်ဆွဲထုပ်ကို သူပိုခုံမင်တာ သူ့ရဲ့ရိုးရှင်းတဲ့စရိုက်ပါဘဲ။ Stanford ကအောင်မြင်တဲ့နှစ်က Covidကြောင့် online graduation ကို အန်တီLorna အိမ်မှာ မိသားစု ဂုဏ်ပြုပွဲလုပ်တော့ တောက်ပတဲ့မျက်လုံး ရွှန်းပတဲ့အပြုံးတွေဟာ ကျွန်တော့နှလုံးမှာ အမြဲပုံရိပ်ထင်နေရပါတယ်။ ဘွဲ့ယူပြီး Seattleမှာ အလုပ်ဝင်တော့ တာတာနဲ့ဝေးရပြီလို့ ရင်ထဲဟာခဲ့ရတာ မကြာလိုက်ပါဘူး။ ၂၀၂၃ခုနှစ်မှာ LAကိုပြန်ပြောင်းလာတော့ Brittanyနဲ့အတူ တာတာရဲ့အနားမှာပြန်နေခွင့်ရခဲ့ပါတယ်။
တာတာနဲ့နေရတဲ့ရက်တွေဟာ ပျော်စရာကောင်းသလောက် သူ့အကြိုက်အလိုက်ဆောင်ရဖို့လဲ အတော်ပညာသားပါရပါတယ်။ အထူးသဖြင့် တာတာရဲ့ကျန်းမာရေး တစ်စတစ်စ ယိုယွင်းလာရာကနေ Mayလ 17ရက်နေ့မှာ သူ့အဆုတ်ရောဂါအတွက် ပထမဆုံး အသည်းအသန်ကုခန်းကိုတက်ခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး တာတာဟာ ရောဂါရဲ့ဖိစီးမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ သူကြိုက်တဲ့ဒူးရင်းသီးလဲ မမွှေးတော့ပါ၊ သင်္ဘောသီးလဲမချိုတော့ပါ။ ငါးပေါင်းလဲ မမြိုနိုင်တော့ပါ။ ဒါပေမဲ့ ဆေးလဲအစာ အစာလဲဆေး သူမှီဝဲရင်း နာလန်ထလေ့ကျင့်ခန်း အဆုတ်လေ့ကျင့်ခန်းတွေကို လေ့ကျင့်ရင်း သူနာလန်ထူနိုင်အောင် ဇွဲရှိရှိနဲ့ကြိုးစားခဲ့ပါတယ်။
သူ့ဝေဒနာတွေကြားက ကျွန်တော်အလုပ်အကြောင်း၊ ကျွန်တော်ခရီးသွားဘေးကင်းဖို့အကြောင်းနဲ့ ကျွန်တော်မင်္ဂလာကိစ္စအကြောင်းကိုပြောလေ့ရှိပါတယ်။ အခုတော့ကျွန်တော်သဘောပေါက်ပါပြီ။ သူ့ရဲ့နောက်ဆုံးရက်တွေမှာ တာတာဟာ သူ့ရဲ့မြေးတွေထဲက မင်္ဂလာဆောင်ပွဲကို ပထမဆုံး ကိုယ်တိုင်ကိုယ်ကျတက်ဖို့နဲ့ သူ့ရဲ့မြစ်ကိုတွေ့ဖို့ သူ့ရဲ့သံမဏိစိတ်နဲ့ သေမင်းကိုအံတုခဲ့ပါတယ်။ သူ့ရဲ့ဆန္ဒပြည့်ဝပြီးတစ်ပတ်မှာ တာတာတစ်ယောက် သားသမီးမြေးမြစ်တွေအားလုံးအတွက် စိတ်ချနိုင်ပြီဆိုပြီး အေးချမ်းစွာ မျက်စိမှိတ်ခဲ့ပါပြီ။ ချစ်သောတာတာတစ်ယောက် ကောင်းရာသုဂတိလားပါစေ။
ငယ်ပေါင်းရောင်ရင်း၏နှုတ်ဆက်တမ်းချင်း
သွေးသောက်ညီရင်း ကိုမောင်ချင်း
လက်တစ်တွက် လျှပ်တပြက်မှာ
နှုတ်မဆက် ထွက်ခွါခဲ့တော့
ကျန်ရစ်သူ လွမ်းလို့ပူဆွေး။
အနေဝေး ဇရာလေးသမို့
သင်္ခါရတရား အဖြေရှာလို့
ကောင်းရာဘုံဘဝရောက်စေကြောင်း
တောင်းဆုချွေပေး။
ကောင်းလိုချွမ် (ပါသ်မြို့)